စျေးအသက်သာဆုံး ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းလေးပြောပြမယ်
ကျန်းမာရေးမကောင်းတဲ့အခါ စိတ်မညစ်တဲ့သူရယ်လို့ မရှိပါဘူး။ ဝေဒနာကို ခံစားရတာအပြင် ကုန်ကျစရိတ်တွေကလည်း ကြီးမားလှတာကိုး။ ဒီကြားထဲ ကုသလို့မရတဲ့ရောဂါဆိုရင် ပိုဆိုးဦးမှာပါ။
တချို့နိုင်ငံတွေမှာတော့ နိုင်ငံသားတွေအတွက် ကျန်းမာရေးအာမခံစနစ်တွေ ထားရှိပေးတတ်ပါတယ်။ ဒီနိုင်ငံမှာ ကျန်းမာရေးအာမခံစနစ် မရှိသေးပေမယ့် မိမိကျန်းမာရေးအတွက် ကိုယ့်ဘာသာကျန်းမာရေး အာမခံဝယ်ယူတာတွေ ခေတ်စားလာပါပြီ။ ဒါပေမယ့် လူတိုင်းဝယ်ယူဖို့ လက်လှမ်းမမီသေးပါဘူး။
ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီပြီး တကယ်လည်း အကျိုးရှိတဲ့ စျေးအသက်သာဆုံး ကျန်းမာရေးအာမခံတစ်ခု ရှိပါတယ်။ အဲဒါကတော့ နေ့စဥ်လမ်းလျှောက်ခြင်းပါပဲ။
လမ်းလျှောက်တာဟာ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာ၊ Zomba ကတာ၊ ရေကူးတာလို ကျွမ်းကျင်မှုရှိဖို့ မလိုအပ်သလို စက်ဘီးစီးတာ၊ ကြက်တောင်ရိုက်တာ၊ တောင်တက်တာတွေလို ပစ္စည်းကိရိယာတွေလည်း မလိုအပ်ပါဘူး။ ပုဆိုးနဲ့ဖြစ်ဖြစ်၊ ထမီနဲ့ဖြစ်ဖြစ်၊ ဘောင်းဘီ၊ စကပ်၊ ဂါဝန် အဆင်ပြေရာနဲ့ လျှောက်လို့ရပြီး သီးသန့်ဝတ်စုံရှိဖို့လည်း မလိုတဲ့အရာပါ။
ဒါပေမယ့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ အံမခန်းပါပဲ။ တစ်နေ့ကို နာရီဝက်နဲ့အထက် လမ်းလျှောက်ရင် အောက်ပါအကျိုးကျေးဇူးတွေ ရပါလိမ့်မယ်။
- အဆုတ်နဲ့ နှလုံးကို သန်မာစေတယ်
- နှလုံးရောဂါတွေနဲ့ လေဖြတ်တာကို ကာကွယ်ပေးတယ်
- သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါနဲ့ သွေးတွင်းကိုလက်စထရောများတာ၊ အဆစ်အမြစ်ရောင်တာတွေကို သက်သာစေတယ်
- တချို့သော ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးတယ်
- အရိုးပွခြင်းကို ကာကွယ်ပေးပြီး အရိုးတွေ သန်မာစေတယ်
- ကြွက်သားတွေ သန်မာစေတယ်
- အဆီပိုတွေကျပြီး ဝိတ်ကျစေတယ်
- စိတ်ဖိစီးမှုလျော့ပြီး ညဘက်အိပ်ပျော်စေတယ်
လမ်းလျှောက်ဖို့အတွက် သီးသန့်အချိန်နဲ့ နေရာလည်း မလိုပါဘူး။
- အလုပ်သွားတဲ့အခါ သိပ်မဝေးရင် ကားနဲ့သွားမယ့်အစား လမ်းလျှောက်သွားလိုက်တာ
- ဓာတ်လှေကားနဲ့ တက်မယ့်အစား လှေကားကနေ တက်တာ
- အိမ်နားက စတိုးဆိုင်ကို လမ်းလျှောက်သွားတာမျိုးလည်း လုပ်လို့ရပါတယ်။
အချိန်ပေးနိုင်ရင်တော့ လမ်းလျှောက်တဲ့ ကလပ်တွေ၊ အဖွဲ့တွေမှာ အသင်းဝင်တာ၊ မိတ်ဆွေတွေနဲ့စုပြီး နေ့စဥ်လမ်းလျှောက်တာမျိုး လုပ်တာကပိုပြီး ပျော်ရွှင်စေမှာပါ။ အထူးသဖြင့် အသက်ကြီးတဲ့သူတွေမှာ အထီးကျန်ခြင်းကို လျော့နည်းစေပါတယ်။
နေ့စဥ် နာရီဝက်ခန့် လမ်းလျှောက်တဲ့အကျင့်ကို အမြဲ လုပ်သွားမယ်ဆိုရင် ကျန်းမာရေးအာမခံ မဝယ်နိုင်လို့လည်း အားငယ်စရာမလိုသလို ဆရာဝန်နဲ့လည်း ပြဖို့မလိုဘဲ ကျန်းမာကြံခိုင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်